အပူရှပ်ရောဂါ (Heat Stroke)
ပြောင်းလဲနေတဲ့ ရာသီဥတု နဲ့အတူ ပြင်းထန်သောအပူဒဏ်ကို အချိန်ကြာမြင့်စွာ ခံရပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေး တဲ့ စနစ် ပျက်ယွင်သွား တဲ့ အခါ အသက်အန္တရာယ်ရှိတဲ့ အရေးပေါ် အခြေအနေ တစ်ခု ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အပူချိန် ဟာ (၁၀၄) ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်ကမထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သတိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင် အသက်ဆုံးရှုးတဲ့ အထိဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
ရောဂါလက္ခဏာများ
- ကြွက်တက်ခြင်း။
- အပူကြောင့် မူးဝေခြင်း။
- ခေါင်းကိုက်ခြင်း။
- ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်ခြင်း။
- ပျိုအန်ခြင်း
- ကိုယ်အပူချိန် အရမ်းတက်လာခြင်း
- အသားအရောင် ဖြူဖျော့လာခြင်း
- ချွေးအလွန်အကျွံထွက်ခြင်း
- အသက်ရှူမြန်ခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးရုံကိုမသွားခဲ့ရင် အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်းတွေ ဆက်ဖြစ်လာနိုင်ပါတယ်။

ကာကွယ်ရန် နည်းလမ်းတွေကတော့
နေပူထဲထွက်ခြင်းကို ရှောင်ကြဉ်ပါ: အထူးသဖြင့် မနက် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ နေရောင်အောက်တွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းတိုကို ရှောင်ပါ။
ရေဓာတ်ဖြည့်တင်းပါ: ရေဆာသည်ဖြစ်စေ၊ မဆာသည်ဖြစ်စေ ရေသန့်နှင့် ဓာတ်ဆားရည် (ORS) ကို လုံလောက်စွာ မကြာခဏ သောက်သုံးပေးပါ။
အကာအကွယ် အသုံးပြုပါ: မဖြစ်မနေ အပြင်ထွက်ရပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်တိုကို အသုံးပြုပါ။
အဝတ်အစား ရွေးချယ်မှု: အရောင်ဖျော့ပြီး လေဝင်လေထွက်ကောင်းမွန်သော ပွပွချောင်ချောင် ချည်သားအထည်များကိုသာ ဝတ်ဆင်ပါ။ ညှပ်ဖိနပ် (သိုမဟုတ်) ပေါ့ပါးသော ဖိနပ်များကိုသာ စီးပါ။
အရက်နှင့် အချိုရည်များကို ရှောင်ပါ ပူပြင်းချိန်တွင် ခန္ဓာကိုယ်မှ ရေဓာတ်ကို ပိုမိုဆုံးရှုးစေနိုင်သော အရက်သေစာနှင့် အချိုရည်များ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။
အထူးဂရုစိုက်ရမည့်သူများ: နေပူထဲ သိုမဟုတ် လေဝင်လေထွက်မရှိသော ကားထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများကို ခဏတာမျှပင် ပိတ်လှောင်ထားခဲ့ခြင်းမျိုး လုံးဝ မပြုလုပ်ပါနှင့်။ သွေးတိုး၊ နှလုံးနှင့် ဆီးချိုရောဂါ အခံရှိသူများကို ပိုမိုဂရုစိုက်ပါ။
အပူကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ကာကွယ်နိုင်ကြပါစေ။
Source: www.hellosayarwon.com / ကျန်းမာရေး website များ
