အသည်းရောင် အသားဝါ ရောဂါ ဘီပိုး ကို Hepatitis B virus (HBV) ဆိုပြီးနိုင်ငံတကာ တွင် အသိများပါတယ်။ဒီ ရောဂါဟာ အစောပိုင်းအဆင့်များတွင် ထင်ရှားသော လက္ခဏာရပ်များ ပြသလေ့မရှိဘဲ ခန္ဓာကိုယ်အတွင်း တိတ်တဆိတ် ကူးစက်ပြန့်ပွားတတ်သောကြောင့် အသံတိတ်လူသတ်သမား (Silent Killer) ဟုပင် တင်စားခေါ်ဝေါ်ကြပါတယ် ။
ခန္ဓာကိုယ်မှာအသည်းရဲ့လုပ်ဆောင်မှုတွေကတော့သွေးထဲအဆိပ်အတောက်တွေအတောက်တွေဖယ်ရှားခြင်း၊ လိုအပ်တဲ့ ဗီတာမင် တွေ ကို သိမ်းဆည်းပေးခြင်း၊ ဟော်မုန်း ဓာတ်များ ထုတ်ပေးခြင်း၊ အစာခြေ စနစ်ကိုကောင်းမွန်စေခြင်း၊ အဆီများ ကိုဖယ်ရှားပေးခြင်း၊ သွေးတိတ်အောင်လုပ်ဆောင်ပေးခြင်းတို့ ဖြစ်ပါတယ်။
အသည်းက ဒီတာဝန်တွေကို အကုန်လုံးပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပေမယ့် အသည်းရောင်အသားဝါရောဂါပိုး ကူးစက်ခံလိုက်ရတဲ့အခါရောဂါပိုးတွေက အသည်းရဲ့ လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်စေပြီး ခန္ဓာကိုယ်မှာ ကြီးမားတဲ့ ကျန်းမာရေးပြဿနာတွေကိုဖြစ်စေတော့တာပါပဲ။
အသည်းရောင်အသားဝါရောဂါ ဆိုတာဘာလဲ?

အသည်းရောင်အသားဝါရောဂါဆိုတာက ခန္ဓာကိုယ် ရဲ့ အရေးကြီးဆုံး အတွင်းကလီစာတစ်ခုဖြစ်သော အသည်းရှိ ဆဲလ်များ ရောင်ရမ်းခြင်း၊ ထိခိုက်ပျက်စီးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီရောဂါကို ဖြစ်ပွားစေသော ဗိုင်းရပ်စ်ပိုး (Virus) အမျိုးအစား အမြောက်အမြားရှိသည့်အနက် အဖြစ်အများဆုံးနှင့် အဓိကသတိထားရမည့် ပိုးများမှာ အသည်းရောင်အသားဝါ အေ (A)၊ ဘီ (B) နှင့် စီ (C) ပိုးတို့ ပါ။
အသည်းရောင်အသားဝါဖြစ်စေတဲ့ ဗိုင်းရပ်စ်တိုင်းက အသည်းကို ထိခိုက်ပျက်စီးစေနိုင်ပြီး အသက်သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်တွေထဲမှာမှ အသည်းရောင်အသားဝါ B နဲ့ C တို့က နာတာရှည် အသည်းရောင်ရောဂါကိုဖြစ်စေနိုင်ပါတယ်။
သတိပြုရမည့် ရောဂါလက္ခဏာများ…
ရောဂါပိုးဝင်ရောက်ပြီးစ အချိန်တွင် လူအများစုမှာ မည်သည့်လက္ခဏာမျှ မပြတတ်ကြပါ။ ရောဂါရင့်လာချိန် သို့မဟုတ် ရုတ်တရက် အသည်းရောင်လာချိန်တွင်မှ အောက်ပါလက္ခဏာများကို ခံစားရတတ်ပါသည် ။
- မျက်လုံးနှင့် အသားအရေများ ဝါဝင်းလာခြင်း
- အလွန်အမင်း နုံးခွေပြီး မောပန်းလွယ်ခြင်း
- ဆီးအရောင် ရေနွေးကြမ်းကဲ့သို့ အညိုရင့်ရောင် သွားခြင်း
- အစာစားချင်စိတ် လုံးဝမရှိခြင်း၊ ပျို့အန်ခြင်း
- ညာဘက် နံရိုးအောက်ပိုင်းအောင့်ခြင်း စတာတွေဖြစ်တက်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
အသည်းရောင်အသားဝါရောဂါကို ကာကွယ်ဖို့အတွက် အလွန်ထိရောက်တဲ့ ကာကွယ်ဆေး များလဲရှိပါတယ်။ အထူး သဖြင့် ဘီ ပိုးကာကွယ်ဆေးကို မွေးကင်းစကလေးငယ်များမှစပြီးလူကြီးများအထိ စနစ်တကျ ထိုးနှံထားသင့်ပါတယ်။
သန့်ရှင်းသောအစားအသောက်များနဲ့အစားအသောက်များကို ကျက်အောင်ချက်ပြုတ်စားသောက်သင့်ပါတယ်။ တစ်ကိုယ်ရေသုံးတဲ့ပစ္စည်း မျှဝေမသုံးပါနဲ့ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊ လက်သည်းညှပ် စတာတွေကို ရောနှော မသုံးစွဲသင့်ပါ။
အဓိကကတော့ရောဂါခံစားရလာပြီဆိုရင် ဆေးထိုးအပ်၊ ဆေးစူးများကို တစ်ခါသုံး သီးသန့် ကိရိယာများသာ ဖြစ်တဲ့ အတွက် သေချာစွာ စီစစ်သုံးစွဲ ရပါမှာဖြစ်ပါတယ်။
သွေးစစ်ဆေးခြင်း (Blood Test) အားဖြင့် ကြိုတင်ရှာဖွေထားရန် ဖြစ်ပါသည်။ ရောဂါပိုးတွေ့ရှိခဲ့လျှင်လည်း ယနေ့ခေတ် ဆေးပညာအရ စီပိုးကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သလို၊ ဘီပိုးကိုလည်း ထိရောက်စွာ ထိန်းချုပ်နိုင်ပြီဖြစ်ရာ ဆရာဝန်နှင့် တိုင်ပင်၍ စနစ်တကျ ကုသမှု ခံယူခြင်း နိုင်ပါတယ်။
အသည်းရောင်အသားဝါရောဂါသည် ကြောက်စရာကောင်းသော ရောဂါတစ်ခု ဖြစ်သော်လည်း ကျွန်ုပ်တို့တွင် လုံလောက်သော ကျန်းမာရေးအသိပညာရှိပါက အလွယ်တကူ ကာကွယ်တားဆီးနိုင်မှာဖြစ်ပါတယ်။
သတိပေးချက်: ဤဘလော့ဂ်သည် Grace Win ၏ ပြည်သူ့ကျန်းမာရေး အသိပညာပေး အစီအစဉ်တစ်ခု ဖြစ်ပါသည်။ ဖော်ပြထားသော အကြောင်းအရာများသည် ပညာပေး ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အကြံပြုချက်၊ ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုကို အစားထိုးရန် မရည်ရွယ်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာများအတွက် ကျွမ်းကျင်သော ကျန်းမာရေးစောင့်ရှောက်မှု ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပါ။
