ဗီတာမင်နဲ့ သတ္တုဓာတ် များဆိုတာကို ကြော်ငြာတွေမှာဖြစ်ဖြစ်၊ ကျန်းမာရေးပညာပေးတွေမှာဖြစ်ဖြစ်၊ ဆရာဝန်တွေဆီကဖြစ်ဖြစ် ကြားဖူးနေကျစကားလုံးတွေဖြစ်ပါတယ်။အစားအသောက်စားတဲ့အခါမှာပဲဖြစ်ဖြစ်၊ အားဆေးတွေသောက်သုံးတဲ့ အခါမှာပဲဖြစ်ဖြစ် ဘယ်ဓာတ်ကခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုကြောင်းစဖြင့် စကားတွေကို အနည်းငယ်တော့ အကျွမ်းတဝင်ရှိခဲ့ကြပါတယ်။ ဒါပေမယ့်လဲ လူတွေဟာ အာဟာရမျှတအောင် စားဖို့ထက် ကိုယ်ကြိုက်တာတွေပဲ ပိုစားနေကြသူချည်းပဲဖြစ်တာကြောင့် နေ့တိုင်း အစားစားနေပေမယ့်လည်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေအကုန်ပြည့်အောင် မရနိုင်ကြပါဘူး။ဒီလိုနဲ့ ကြာလာတဲ့အခါ ဗီတာမင် နဲ့ သတ္တုဓါတ် ချို့တဲ့တာတွေဖြစ်လာပါတယ်။
ခန္ဓာကိုယ်မှာက အရေပြား၊ ကြွက်သား၊ တစ်ရှူး၊ ဆဲလ် စတဲ့ အစိတ်အပိုင်းတွေအားလုံးဟာပြောင်းလဲမှု၊ အသစ်ဖြစ်ပေါ်မှုတွေရှိနေပါတယ်။ မှန်ကန်တဲ့သွေးလည်ပတ်မှု၊မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့မှ ခန္ဓာကိုယ်ရဲ့ဖွံ့ဖြိုးမှုနဲ့ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်မှာပါ။ ဗီတာမင်နဲ့ သတ္တုဓါတ်တွေက အရိုးအဆစ်တွေကိုကြံ့ခိုင်စေခြင်း၊ အနာတွေကျက်စေခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ထောက်ကူပေးခြင်း၊ အစာကနေ ခွန်အားဖြစ်အောင်ပြောင်းလဲပေးခြင်း၊ ဆဲလ်တွေထိခိုက်ပျက်စီးမှုကိုပြန်လည်ပြုပြင်ပေးခြင်း စတာတွေအထိ အကျိုးပြုနေတာဖြစ်ပါတယ်။
အဲ့တာကြောင့် အခုတစ်ခေါက်ဗီဒီယိုမှာတော့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲဆိုတာနဲ့ ဘာတွေပြန်စားပေးရမလဲ ဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
ဗီတာမင် A ။ ။ ဗီတာမင် A ချိုတဲ့ရင် အရေပြားမှာ ကြာဆူးတွေပေါက်လာမယ်။ ညဘက်ရောက်ရင် မျက်လုံးကသိပ်ကြည့်မကောင်းတော့သလို၊ လက်သည်းတွေမှာလည်း အစင်းကြောင်းတွေပေါ်လာမယ်။ အဲလိုတွေဖြစ်နေပြီဆိုရင်တော့ ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ ရွှေဖရုံသီးတို့ကိုစားပေဖို့လိုပါတယ်။
ဗီတာမင် B ။ ။ ဗီတာမင် B တွေထဲမှာမှ ဗီတာမင် B12 နဲ့ B1 ချို့တဲ့တာ အဖြစ်များပါတယ်။ ဗီတာမင် B 12 ချို့တဲ့ရင် အာရုံကြောတွေအားနည်းလာတဲ့အတွက် ခြေတွေလက်တွေထုံကျင်နေတတ်ပါတယ်။ သွေးအားနည်းတာမျိုးလည်းဖြစ်တတ်ပြီး လူကနုန်းနေတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့အစားအသောက်တွေဖြစ်တဲ့ အနီရောင်ရှိတဲ့အသားတွေ ( အမဲသား၊သိုးသား) ၊ဥ အမျိုးမျိုးနဲ့ နို့သောက်ပေးဖို့လိုအပ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့သူတွေကတော့ အရက်သမားအများစုနဲ့ အစားရှောင်တဲ့ နို့တိုက်မိခင်ရဲ့ နို့စို့အရွယ် ရင်သွေးလေးတွေပါ။ ပုံမှန်လူတွေကတော့ ဗီတာမင် B1 ကြွယ်ဝတဲ့ထမင်းနေ့စဉ်စားနေတဲ့အတွက် B1 ချို့တဲ့စရာအကြောင်းတော့ သိပ်မရှိပါဘူး။ ။
ဗီတာမင် C ။ ။ ကိုယ်သွားတိုက်လိုက်ရင် သွားဖုံးမှာသွေးတွေထွက်လာတယ်။ သွားဖုံးရောင်နေတယ်။ အနာတွေလည်း အကျက်နှေးတယ်။ ကိုယ်ခံအားမကောင်းလို့ ခဏခဏဖျားနေပြီဆို ဗီတာမင် C ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကတော့ သံပုရာသီး၊ လိမ္မော်သီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီးစတဲ့ ချဉ်တဲ့ အသီးအနှံတွေ အကုန်ဖြစ်ပါတယ်။
ဗီတာမင် D ။ ။ ဗီတာမင် D ဆိုတာ အရိုးသန်မာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်တစ်ခုဖြစ်တဲ့အတွက် သူချို့တဲ့ရင် ကလေးတွေမှာဆို အရိုးပျော့ရောဂါ၊ အရိုးခွင်ရောဂါတွေဖြစ်နိုင်ပြီး လူကြီးတွေမှာဆို အရိုးပါးတာတွေဖြစ်တတ်ပါတယ်။ ဗီတာမင် D ကို တကူးတကဝယ်နေစရာမလိုပဲ မနက်ပိုင်း ၇ နာရီကနေ ၁၀ အတွင်းထွက်တဲ့ နေရောင်ခြည်ကနေ အဓိက ရနိုင်ပါတယ်။
ဗီတာမင် E ။ ။ ဗီတာမင် E ကတော့ အသားအရေလှပအောင်လုပ်ပေးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ အတွက် သူချို့တဲ့နေရင် အသားအရေတွေ မွဲခြောက်လာပြီး စိုပြေမှု မရှိနိုင်တော့ပါဘူး။ ဒါ့အပြင် မျက်လုံးတိမ်စွဲတာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ အစေ့အဆံတွေဖြစ်တဲ့ ေနကြာစေ့၊ ဗန်ဒါစေ့၊ သစ်ကြားသီးတို့က ဗီတာမင် E ကြွယ်ဝတဲ့ အစားအသောက်တွေပဲဖြစ်ပါတယ်။
ဗီတာမင် K ။ ။ ထိခိုက်ဒဏ်ရာတစ်ခုခုရပြီး သွေးတော်တော်နဲ့ မတိတ်ဘူးဆိုရင်အရပ်ထဲမှာပြောနေကျသလို သွေးအားကောင်းလို့မဟုတ်ပါဘူး အဲ့တာက ဗီတာမင် K ချို့တဲ့နေလို့ပဲဖြစ်ပါတယ်။ ရေကညွတ်တို့၊ သံလွင်ဆီတို့၊ ပဲပိစပ်တို့မှာ ဗီတာမင် K တွေပါဝင်တဲ့အတွက် ကိုယ့်နေ့စဉ်စားတဲ့ အစားအစာတွေထဲသူတို့ပါအောင်စားပေးပါ။ ။
ကယ်လ်ဆီယမ်ဓါတ် ။ ။ ကယ်လ်ဆီယမ်ဓါတ် ချို့တဲ့နေတဲ့ သူတစ်ယောက်ရဲ့ အရိုးတွေက ကျိုးလွယ်၊ ပဲ့လွယ်ဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ခဏခဏ ကြွက်တက်နေတတ်ပြီး လက်သည်းမျက်နှာပြင်တွေကလည်း ကြမ်းနေတယ်ဆိုရင်တော့ ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်တဲ့ အရိုးပြုတ်ဟင်းရည်၊ ခေါင်းတစ်ရာသားတို့ကို စားပေးဖို့ လိုပါတယ်။
သံဓါတ် ။ ။ သံဓါတ်ချို့တဲ့သူတစ်ယောက်ဟာ သွေးအားနည်းနေတတ်လို့ အမြဲလိုလို နုန်းခွေနေတတ်ပါတယ်။ ခြေဖျားလက်ဖျားတွေလည်း အေးစက်နေတတ်ပြီး လူကလည်း ဖြူဖတ်ဖြူလျော်ဖနေပါလိမ့်မယ်။ အမဲသား၊ အသည်းအမြစ်နဲ့ ချော့ကလက်တို့ဟာ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။
မဂ္ဂနီဆီယမ် ။ ။ ကြွက်သားတွေတောင့်နေတာမျိုး၊ ခြေထောက်တွေ အားမရှိသလိုမျိုး၊ ခြေထောက်ကို လှုပ်နေချင်တာမျိုး၊ နှလုံးခုန်မြန်လိုက် နှေးသွားလိုက်ဖြစ်တာမျိုးတွေက မဂ္ဂနီဆီယမ် ချို့တဲ့တဲ့ လက္ခဏာတွေပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ထောပတ်သီး၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါပါတယ်။
ဇင့်ဓါတ် ။ ။ ခုခံအားအတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုဖြစ်တဲ့အတွက် ခဏခဏ နေမကောင်းဖြစ်နေမယ်။ ဝမ်းခဏခဏလျှောနေမယ်၊ ပါးစပ်မှာ အနာတွေပေါက်နေမယ်၊ လက်သည်းမှာ အဖြူပွင့်တွေ ပွင့်နေမယ်ဆို ဇင့်ဓါတ်ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းနုနွယ်၊ ဥအမျိုးမျိုး၊ အမဲသား၊ ပင်လယ်စာ၊နဲ့ မှိုတို့ကို စားပေးဖို့လိုပါတယ်။
ဆေးလိပ်၊အရက်၊ ကဖင်းပါတဲ့သောက်စရာတွေကို တတ်နိုင်သလောက်သောက်သုံးမှုလျှော့ပါ။
အသီးအရွက်နဲ့ အသားငါးတွေကို ညီညွတ်မျှတအောင် စားသုံးပါ။
လိုအပ်လာရင် ဗီတာမင်နဲ့သတ္တုဓါတ်ပါဝင်တဲ့ အားဆေးတွေကို သောက်သုံးပါ။
ဒါတွေကတော့ ဗီတာမင်နဲ့ သတ္တုဓါတ်ချို့တဲ့လို့ရှိရင် အဖြစ်များတတ်တဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဘယ်လောက်ပဲ အစားစားတဲ့သူဖြစ်ပါစေ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အကုန်ကာမိအောင်စားဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့အရာတစ်ခုဖြစ်နေသေးရင်တော့ ဖြည့်စွက်အားဆေးတွေကို ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သောက်သင့်ပါတယ်။
