မိုးရာသီမှာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ?

မိုးရာသီရောက်လာပြီဆိုရင် အအေးမိ၊ တုပ်ကွေးအပြင် အဖြစ်အများဆုံး နောက်ထပ်ပြဿနာတစ်ခုကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပဲ ဖြစ်ပါတယ်။ ရေနဲ့ အစားအစာတွေကတစ်ဆင့် ဘက်တီးရီးယားပိုးမွှားတွေ အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် အစားအသောက်ပိုင်းကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဒီလိုရာသီဥတုမျိုးမှာ အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် အောက်ပါအချက်လေးတွေကို သတိပြုလိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်

ပူပူနွေးနွေး အစားအစာများကိုသာ စားသုံးပါ : ယင်နားစာတွေ၊ လမ်းဘေးစာတွေနဲ့ အအေးခံထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ လတ်လတ်ဆတ်ဆတ်  ချက်ပြုတ်ထားတဲ့ ပူပူနွေးနွေး အစားအစာတွေက အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ရေကို ကျိုချက်သောက်ပါ : ဝမ်းပျက်ဝမ်းလျှော ရောဂါအများစုဟာ မသန့်ရှင်းတဲ့ရေကနေ ကူးစက်တတ်ပါတယ်။ ဒါကြောင့် ရေသန့် (သို့မဟုတ်) သေချာကျိုချက်ထားတဲ့ ရေကျက်အေးကိုသာ သောက်သုံးဖို့ အရေးကြီးပါတယ်။

အသီးအနှံများကို စနစ်တကျ ဆေးကြောပါ : အစိမ်းစားရတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေကို မစားခင်မှာ ရေစင်အောင် သေချာဆေးကြောပါ။

အစာကြေလွယ်သော အစားအစာများကို ရွေးချယ်ပါ: ဆီကြော်စာတွေနဲ့ အစပ်လွန်ကဲတဲ့ အစားအစာတွေက အစာအိမ်ကို ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် အစာကြေလွယ်ပြီး ခန္ဓာကိုယ်အတွက် အာဟာရဖြစ်စေမယ့် အစားအစာတွေကိုသာ ရွေးချယ်စားသုံးပါ။

အစာအိမ်ဆေး ဆောင်ထားပါ: မိုးရာသီမှာ အစားအသောက် မှားယွင်းတာကြောင့် အစာမကြေတာ၊ ရင်ပူတာ၊ လေပွတာတွေ ရုတ်တရက် ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ချက်ချင်းသက်သာစေဖို့ ယုံကြည်စိတ်ချရတဲ့ အစာအိမ်ဆေး တစ်မျိုးမျိုးကို အိမ်မှာ အမြဲအသင့် ဆောင်ထားသင့်ပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပြီဆိုရင်တော့ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေအတွက် ဓာတ်ဆားရည် အလုံအလောက် ပြန်လည်ဖြည့်တင်းပေးဖို့ မမေ့ပါနဲ့။ ရောဂါလက္ခဏာ ပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ အကြံပြုလိုက်ရပါတယ်။